Monday, February 19, 2007

Myanmar Internet Articles : Free Education

စွမ်းရည်အကောင်းဆုံး စူပါကွန်ပြူတာတစ်လုံးတည်ဆောက်ဖို့ သင့်ရဲ့အကူအညီ လိုအပ်နေတယ် ဆိုရင် သင်အံ့သြနေမလား။ မအံ့သြပါနဲ့။ ဒါတကယ်ပါ။ သင့်မှာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန် ပြူတာလေးတစ်လုံးရှိနေရင်လုံလောက်ပါပြီ။ BONIC ဆိုတဲ့ software လေး သင့် ကွန်ပြူတာထဲထည့် လိုက်ပါ။သင်ဟာကမ္ဘာ့အပြင်ဘက်က သက်ရှိသတ္တဝါတွေကို ထောက်လှမ်းနေတဲ့ SETI@Home ဆိုတဲ့ စူပါကွန်ပြူတာကွန်ယက်ထဲကို အလွယ်တကူရောက်ရှိသွားပါမယ်။ သင်လုပ်ပေး ဖို့လိုတာက သင့်စီပီယူရဲ့ လုပ်ဆောင်နိုင်စွမ်းအနည်းငယ်ကို ဝေမျှပေးရုံပါပဲ။ ဒါဆိုရင် သင့်အနေနဲ့ စကြာဝဋ္ဌာဆိုင်ရာ သုသေတနလုပ်ငန်းမှာ ပါဝင်ကူညီပြီးသားဖြစ်သွားပါလိမ့်မည်။

ဒီနေရာမှာ သင်မေးစရာမေးခွန်းတစ်ခု ရှိလာပါလိမ့်မယ်။ ဘယ်သူကများ ကိုယ့် ကွန်ပြူ တာကို သူများ အလုပ်အတွက် ပေးသုံးချင်မှာလဲ။
ပြန်ဖြေပါ့မယ်။ အခု ဒီစနစ်ထဲမှာ ဝင်ရောက် ဆောင် ရွက်နေတဲ့ ကွန်ပြူတာပေါင်း ၁ သန်းကျော်နဲ့ အကူအညီပေးသူပေါင်း ၅သန်းကျော် ရှိနေပါပြီ။ ဒါဆိုရင် နောက်ထပ်မေးခွန်းက ဘာကြောင့် ဒီလူတွေ ဒီလိုလုပ်ကြတာလဲ၊ ဝင်ကူညီကြတာလဲ။ အဖြေက Networked Information Economy လို့ခေါ် တဲ့ သတင်းကွန်ယက်ဆက်သွယ်မှူ စီးပွားရေး စနစ် ကြောင့်ပဲဖြစ်ပါတယ်။ စီးပွားရေးစနစ်လို့ ပြောပေမယ့် ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်လေ့ မရှိကြပါဘူး။ တကယ်တော့ Networked Information Economy ဆိုတာ စားသုံးသူ (သို့မဟုတ်) ပြည် သူတစ်ဦးချင်းစီ ပူးပေါင်းဆောင်ရွက်ပြီး ပိုင်ရှင်မထားတဲ့ ကုန်ထုတ်လုပ်မှူ သဘောဆောင်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးကဏ္ဍမှာ ဒီစနစ်ကို ပိုမိုတွေးမြင်နိုင်ပါတယ်။ Networked Information Economy ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ စွမ်းရည်မြင့်ကွန်ပြူတာ တွေ လူတိုင်းလက်ဝယ် ရှိနိုင်အောင် ဈေးနှူန်းကျဆင်းမှူ နဲ့ internet ကို အလွယ်တကူ ချိတ်ဆက်သုံးစွဲ နိုင်မှူ ကြောင့် ပဲဖြစ်ပါတယ်။

ဒီနေရာမှာ internet ရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးကြီး လာပါတယ်။ internet ဟာ စီးပွားရေးမဆန်တဲ့ ကုန်ထုတ်လုပ်မှူတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်ပါတယ်။ ဒီလို ထုတ်လုပ်ရာ မှာလည်း ထုတ်လုပ်မှူ အရင်းအနှီး ကုန်ကျစရိတ်ဟာ မရှိသလောက်ကိုနည်းပါး သွားပါတယ်။ မြင်သာ အောင် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် တွေရဲ့ သတင်း ထုတ်လုပ်မှူ ပုံစံနဲ့ ယှဉ်ပြောပါ့မယ်။ မဂ္ဂဇင်း တစ် စောင်၊ ဂျာနယ်တစ်စောင် ထုတ်ဖို့ သတင်းထောက်တွေ၊ ဆောင်းပါးရှင်တွေရဲ့ သတင်းနဲ့ဆောင်းပါး တွေ လိုအပ်ပါတယ်။ အလုံးအရင်း နဲ့ ပုံနိုပ်ထုတ်ဝေရပါတယ်။ ကိုယ်စားလှယ်တွေ နဲ့ နေရာဒေသအနှံကို ဖြန့် ဝေရပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အများကြီး ရှိပါတယ်။ internet ပေါ်မှာတော့ ထုတ်လုပ်မှူ အဆင့် တော်တော် များများကို အလွယ်တကူနဲ့ ကုန်ကျစရိတ် သက်သက်သာသာ ဆောင်ရွက်နိုင်ပါတယ်။ သတင်းဆောင်းပါးတွေကို internet ဝက်ဘ်ဆိုဒ် ပေါ် တင်ထားလိုက်ပါ။ ဝက်ဘ်ပေါ် တင်တဲ့ စရိတ်ဟာ လည်း ပုံနိုပ်ထုတ်လုပ်မှူ ကုန်ကျစရိတ်နဲ့ ယှဉ်ရင် အများကြီးပို သက်သာပါတယ်။ ဒါဟာ internet ရဲ့ ရုပ် ဝတ္တုဆိုင်ရာကြီးမားတဲ့ အရင်းအနှီး၊အတားအဆီးတွေကို ကျော်ဖြတ်ဖယ်ရှားနိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။

မင်းသား၊ မင်းသမီး တစ်ယောက်ဟာ သရုပ်ဆောင်မှူအပြင် စာပေလိုင်းကိုပါ ကူးပြောင်း ချင်ပြီဆိုပါစို့။ ဒါမှမဟုတ် စာရေးရတာ ဝါသနာပါတယ် ဆိုပါစို့။ အင်တာနက်ပေါ်က blog ဘလော့လို့ ခေါ်တဲ့ website တွေမှာ အလွယ်တကူပဲ အခမဲ့ရေးသားနိုင်ပါတယ်။ www.blogger.com, www.wordpress.com အစရှိတဲ့ blogging ဝက်ဘ်ဆိုဒ်များ မှာဖြစ်ပါတယ်။ သာမန်လူများလည်း အလွယ်တကူရေးသား နိုင်ပါတယ်။ကိုယ့်အရေးအသား အကြောင်းအရာကို စိတ်ဝင်စားတဲ့ တကမ္ဘာလုံး ကမည်သူမဆို လာရောက်ဖတ်ရှူ နိုင်ပါတယ်။ ဒါဆို စာရေးဆရာတစ်ယောက် သရုပ်ဆောင် ဝါသနာပါ ရင်ကော၊ ရပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းအတို၊ အရှည်တွေကို တင်ထားလို့ ရတဲ့ နေရာ တွေရှိပါတယ်။ www.youtube.com ဆိုရင်အတော်ထင်ရှား ပါတယ်။ ဒီ website ပေါ် က ဇာတ်လမ်းတွေကို လာကြည့် သူပေါင်း နေ့စဉ်သန်းနဲ့ ချီရှိ ပါတယ်။ ကိုယ့်ရဲ့ ဇာတ်လမ်းတွေတင်ထားသူ အများစုဟာလည်း ငွေကြေး ရည်ရွယ်ချက်ဆိုတာထက် ကိုယ်ပိုင်အပန်းဖြေ လို တဲ့သဘောပါ။ ဒါဟာ ဘာကို ပြလဲဆိုရင် အင်တာနက်ဟာ ဈေးကွက်ကို အခြေခံ တဲ့ ဒါမှမဟုတ် အမြတ်အစွန်းကို အခြေခံတဲ့ နည်းဗျူဟာတွေ၊ သဘောထားတွေကို တစတစ ရှင်းလင်းပစ်လာတဲ့ သာဓကပါ။

နောက်ပြီး ကျွန်တော်တို့ ဒီစီးပွားရေးမဆန်တဲ့ ထုတ်လုပ်မှူတွေအကြောင်း ဆက်ကြည့် ရအောင်။ အင်တာနက်ကို အသုံးပြုခြင်းအားဖြင့် ကမ္ဘာတဝန်းလုံးက မည်သူမဆိုဟာ အင်တာနက်ကို အသုံးပြုတဲ့အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမဆို အလွယ်တကူဆက်သွယ်ကာ သတင်းတွေဝေမျှ နိုင်နေပါပြီ။ ဒီလိုလွယ်လင့်တကူ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းဟာ အင်တာနက်ရဲ့ အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဆိုတဲ့ စွမ်းအားတရပ် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အရင်ခေတ် အရင်အခါ အရင်စီးပွားရေးပုံစံစနစ်တွေမှာ မပေါ်ဖူးသေးပါဘူး။ လူတဦးချင်းရဲ့ အကျိုးအမြတ် မရည်ရွယ်တဲ့ ကြိုး ပမ်းဆောင်ရွက်မှူတွေကြောင့် အရည်အသွေးကောင်းပြီး၊ အများလက်ခံနိုင်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှူ တွေဟာ အံ့သြလောက်အောင် ထွက်ပေါ်လာကြပါတယ်။ လူသိများတဲ့ ထုတ်ကုန်တစ်ခုက တော့ Linux လို့ခေါ်တဲ့ ဆော့ဝဲပါ။ ဒီ Operating System software ဟာအထက်မှာ ပြောခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှူ ရဲ့ ရလဒ်တစ်ခုဖြစ်ပြီး ကွန်ပျူတာလောကမှာ မိုက်ခရိုဆော့ကို စိန်ခေါ်နိုင်တဲ့စွမ်းအား ရှိပါတယ်။ ဆော့ဝဲ တွေပဲလားဆိုတော့ မကပါဘူး။ သတင်းထုတ်လွှင့်မှူပိုင်း၊ ဖျော်ဖြေရေးအပိုင်း၊ ပညာရေးအပိုင်းတွေမှာပါ တိုးတက်အောင်မြင်မှူတွေ ရှိနေပါပြီ။ ပညာရေးပိုင်းမှာဆိုရင် wikipedia လို့ ခေါ်တဲ့ အင်တာနက်အခမဲ့ စွယ်စုံကျမ်းဟာ အရင်ကအရမ်းနာမည်ကြီးခဲ့တဲ့ Brittanica နဲ့ မိုက်ခရိုဆော့ ရဲ့ Encarta စွယ်စုံကျမ်း တွေ မှေးမှိန်လောက်အောင် အောင်မြင်ခဲ့တဲ့ လူတိုင်းပါဝင်ရေးသားပြင်ဆင်နိုင်တဲ့ လွတ်လပ်တဲ့ စွယ်စုံ ကျမ်း ဖြစ်ပါတယ်။ သတင်းထုတ်လုပ်မှူအပိုင်းမှာလည်း စီတီဇင် ဂျာနယ် လစ်ဇင် (citizen journalism) လို့ခေါ်တဲ့ ပြည်သူတိုင်း သတင်းရေးလို့ ရတဲ့ သတင်းဌာနတွေ အင်တာနက်ထဲမှာ ပေါ်ပေါက်နေပြီ ဖြစ် ပါတယ်။ ဒီအတွက်ကြောင့် စွယ်စုံကျမ်းဆိုတာ ပညာရှင်တွေပဲ ရေးရမယ်၊ သတင်းဆိုတာလည်းသတင်းဌာနကြီးတွေမှသာ ထုတ်လုပ်နိုင်တယ် ဆိုတဲ့ အယူအဆ ကျေပျောက်ခဲ့ပါတယ်။ ဒီနေရာမှာ အင်တာနက်ရဲ့ ဗဟိုထိန်းချုပ်မှူမရှိခြင်း (decentralization) စွမ်းအားကိုလည်း ပီပီပြင်ပြင် မြင်တွေ့ လာ ရပြီဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ လူသားတွေ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ကြွယ်ဝချမ်းသာဖို့အတွက် ကြိုးစားရုန်း ကန်ကြပါတယ်။ ဒီလိုပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြည့်စုံကျေနပ်မှူ၊ လေးစားယုံကြည်ခံရမှူ၊ လူမှူရေးပိုင်းပါ ဝင် ကူညီနိုင်မှူတွေ လိုအပ်မျှော်လင့်တတ်ကြပါတယ်။ SETI@Home လို ပရောဂျက်အကြီးကြီးတွေ မှာပါဝင်ခြင်းအားဖြင့် မိမိကိုယ်ကို ပိုမိုကျေနပ်လာကြပါတယ်။ ဒီလို ခံစားချက်တွေအတွက် ဈေးကွက် စီးပွားရေးစနစ်နဲ့ ယှဉ်တွဲပေါ်ပေါက်နေတဲ့ သတင်းဆက်သွယ်မှူ စီးပွားရေးစနစ်ဟာ အင်တာနက်ရဲ့ စွမ်း အားတွေနဲ့ လူသားတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ဖန်တီးပေးလျက်ရှိနေပါတယ် ဆိုတာ ပြောပြရင်း စီးပွားရေးပုံစံသစ် တစ်ခုအကြောင်း မိတ်ဆက်လိုက်ရပါတယ်။

No comments: